တိၼ်ႇဢေး၊ လုင်း

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး
Jump to navigation Jump to search


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ရှမ်းလူထုခေါင်းဆောင်နှင့် သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သော ဦးတင်ဧ (ရှမ်းပြည်)အား ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ ကန်သာရပ်တွင် အဖရှမ်းတိုင်းရင်းသား ဦးဝိုင်း၊ အမိအင်းတိုင်းရင်းသူဒေါ်သွယ်တို့မှ ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက် စနေနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အကြီးဖြစ်သည်။ ငယ်မည်မှာ မောင်ဘအေးဖြစ်သည်။

ငယ်စဉ်က အင်းလေးဟဲယာရွာမ ဆရာကြီးဦးမြ၏ မြန်မာမူလတန်းကျောင်း၊ ညောင်ရွှေမြို့ဆရာညှာ၏ မြန်မာမူလတန်းကျောင်းတို့၌ (၄)တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက် ညောင်ရွှေ အင်္ဂလိပ်-မြန်မာအလယ်တန်းကျောင်း၊ တောင်ကြီးအေဘီအမ်အထက်တန်းကျောင်းတို့တွင် ဆက်လက်ပညာသင်ယူ ခဲ့သည်။ ငယ်စဉ်ကပင် ဉာဏ်ပညာထူးထူးချွန်ထက်မြက်၍ စာမေးပွဲတိုင်းတွင် ပထ မဆင့်မှအောင်သည်။ အ လယ်တန်းအောင်စဉ်က ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ကြေးရသည်။ ၁၉၃၄ တွင် (၁၀) တန်းစာမေးပွဲကို ထူး ထူးချွန်ချွန်အောင်မြင်၍ ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ကြေးထပ်မံရရှိသည်။

၁၉၃၄ တွင် ရန်ကုန်တက္ကသိုလ်တွင်ဆက်လက်ပညာသင်ကြားရာ ၁၉၄၀ ပြည့်နှစ်တွင် မြန်မာစာဂုဏ်ထူးတန်း၊ ပထမဆင့်ဖြင့် ဝိဇ္ဇာဘွဲ့(B.A) အောင်ခဲ့သည်။ ထိုစဉ်က ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန်တက္ကသိုလ် တွင်မြန်မာစာဂုဏ်ထူးတန်း ပထမဆင့်ဖြင့်အောင်ခဲ့သူမှာ (၄)ဦးသာရှိပြီး ယင်းတို့မှာ မောင်စိန်တင် (သိပ္ပံမောင်ဝ)၊ မောင်ဝန် (မင်းသုဝဏ်)၊ မောင်လှဖေ၊ မောင်တင်ဧ (ဦးတင်ဧ – ရှမ်းပြည်) တို့ဖြစ်သည်။

၁၉၄၀ မှ ၁၉၄၂ ထိ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနနည်းပြအဖြစ်အမှုထမ်း၍ မဟာဝိဇ္ဇာတန်းဆက်တက်ခဲ့သည်။ စစ်ကြောင့် မဟာဝိဇ္ဇာ စာမေးပွဲကို မြန်မာစာပါမောက္ခ ဦးဧမောင် (တက္ကသိုလ်မောင်သန့်စင်) က ကျိုက်လတ်မြို့တွင်ကျင်းပရာ ဖြေဆိုရန်အသွား ကျန်းမာရေးချို့ ယွင်း၍ မဖြေဖြစ်တော့ချေ။ ထိုစဉ်က မဟာဝိဇ္ဇာစာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူမှာ မောင်မောင်ကြီး (နောင်မြန်မာစာပါမောက္ခ တက္ကသိုလ် မောင်မောင်ကြီး) ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားဘဝတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအသင်းဝင်၊ ရှမ်းပြည်ကျောင်းသားများတည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ လူငယ်များကြီးပွားရေးအသင်းဝင်၊ နဂါးနီစာအုပ်အသင်းဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

လက်ဝဲဝါဒစာအုပ်များကိုလေ့လာ၍ လက်ဝဲဝါဒကို စိတ်ညွတ်ခဲ့သည်။ ၁၉၃၆ ဖေဖေါ်ဝါရီ ၂၅ တွင်ဖြစ်ပွားခဲ့သော ဒုတိယကျောင်းသား သပိတ်တွင်ပါဝင်၍ သပိတ်အပြီးတွင် ဇာတိညောင်ရွှေမြို့၌ အလင်းရောင်စာကြည့်တိုက်ကို ဦးဆောင်ဖွင့်လှစ်ခဲ့သည်။ စာကြည့်တိုက်တွင် ဟောပြောပွဲ၊ ဆွေးနွေးပွဲများ မကြာခဏကျင်းပကာ ရှမ်းပြည်တွင်စနစ်ကျသော ပထမဆုံးစာကြည့်တိုက်အဖြစ် မှတ်တမ်းတင်ရစ်ခဲ့သည်။

စာပေဝါသနာထုံ၍ ရွှေနှင်းဆီ၊ တင်ဧ (ရှမ်းပြည်) ကလောင်ကွဲများဖြင့် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်းတို့တွင် ပါဝင်ရေးသားသည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းတွင် ၁၉၄၀ မှ ၁၉၄၁ ထိ မြန်မာစာ စာတည်းအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၃၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဟဲဟိုးမြို့ သနပ်ဖက်ပွဲစားကြီး ဦးခေါင်နှင့် ဒေါ်ဒေါ်မျှင်တို့၏သမီးငယ် မဧတင်နှင့် လက်ထပ် ခဲ့သည်။

ဂျပန်ခေတ် (၁၉၄၂-၄၅)တွင် ဗိုလ်ချုပ်အောင်ဆန်း၏တာဝန်ပေးချက်အရ ရှမ်းပြည်နယ်ဗဟိုစစ်သားစု ဆောင်းရေးအဖွဲ့ဝင်၊ တောင်ကြီး အာရှ လူငယ်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းနှင့်ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေး ရှမ်းပြည်နယ်နိုင်ငံရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။

စစ်ပြီးခေတ် ၁၉၄၆ ဇန်နဝါရီလ ၁၇ မှ ၂၃ ရက်အထိ ရွှေတိဂုံစေတီတော်အလယ်ပစ္စယံတွင် ကျင်းပခဲ့သည့် ဖဆပလနိုင်ငံလုံးဆိုင်ရာညီ လာခံတွင် ရှမ်းပြည်လူငယ်နိုင်ငံရေးသမားများကို ဦးဆောင်၍တက်ရောက်ခဲ့သည်။ ညီလာခံအပြီးတွင် သခင်စိုး၊ ကိုသိန်းဖေ (သိန်းဖေမြင့်)၊ သခင်တင်မြတို့ပို့ချသော လက်ဝဲသဘောတရား သင်တန်း တက်ရောက်ခဲ့သည်။ ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များနှင့် ရှမ်းပြည်အနာဂတ် အရေး ဆွေးနွေးခဲ့သည်။

ဦးတင်ဧသည် ၁၉၄၆ ဧပြီလတွင် တောင်ကြီးမြို့လူငယ်အစည်းအရုံးကို ဦးဆောင်တည်ထောင်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ချုပ်၏ ပညာရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

၁၉၄၆ မေလ ၁ ရက်တွင် တောင်ကြီးပဒေသရာဇ်ကျောင်း (ယခင်ရှမ်းစော်ဘွား သားသမီးများစာသင်ကျောင်း) ၏ ကျောင်းအုပ်အဖြစ် အမှု ထမ်းသည်။ ထိုသို့တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဗိုလ်ချုပ်၏ဆန္ဒအရ ဒီဇင်ဘာ ၂၄ ရက်တွင် ဗိုလ်ချုပ်၏တောင်ကြီးလူထုတရားပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ရာ နောက်တနေ့ (ဒီဇင်ဘာ ၂၅) တွင် ကျောင်းအုပ်ကြီးရာထူးမှ နုတ်ထွက်ခဲ့ရသည်။

ထို့နောက် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဦးတင်ဧသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေခိုက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ် မြန်မာ့လွတ်လပ်ရေးအတွက် လန်ဒန်မြို့ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဗြိတိ သျှနန်းရင်းဝန်ရုံး၌ ဆွေးနွေးနေစဉ်အတွင်း စော်ဘွားအချို့၏ “ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသကို ကိုယ်စားမပြု” ဟူသော ၁၉၄၇ ဇန်နဝါရီ ၂၁ ရက်တပ်ထားသောကြေးနန်းရောက်ရှိလာရာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့ ဆွေးနွေး နေမှုကို အကျပ်ရိုက်ခတ်ကာ အနှောက်အယှက်ဖြစ်လာသည်။ ထိုအခြေအနေတွင် ဖဆပလအဖွဲ့ချုပ်၏အကူအညီဖြင့် ဦးတင်ဧ၊ ဦးထွန်း မြင့် (လင်းစေး) ဦးဆောင်၍ တောင်ကြီး၌ လူထုအစည်းအဝေးကျင်းပကာ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်ဖဆပလအဖွဲ့သို့လည်းကောင်း၊ လန်ဒန်ရှိဗိုလ်ချုပ်အောင်ဆန်းထံသို့လည်းကောင်း၊ ဗြိတိသျှနန်းရင်းဝန်အက်တလီထံသို့လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံ သည်ဆိုသော ကြေးနန်းရိုက်ကြားစာပေးပို့ခဲ့သည်။ ဤဖြစ်ရပ်၏နောက်ဆက်တွဲအဖြစ် ပြည်မနှင့်အတူ တောင်တန်းဒေသပါ လွတ်လပ် ရေးရယူလိုကြောင်း သက်သေပြသည့်အနေဖြင့် ၁၉၃၇ ဖေဖေါ်ဝါရီ ၁၂ တွင် ရှမ်းပြည်နယ်ပင်လုံမြို့၌ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ရသည်။ ပင်လုံညီလာခံခေါ်ယူခဲ့ရသည်။

သမိုင်းဝင်ပင်လုံစာချုပ် အောင်မြင်စွာချုပ်ဆိုနိုင်ရေးအတွက် ဦးတင်ဧဦးဆောင်သော ရှမ်းပြည်လွတ် လပ်ရေးအဖွဲ့ချုပ်သည် ရှမ်းပြည်သူ လူထုကို စည်းရုံးလှု့ံဆော်ခဲ့ရသည်။ နောက်ဆုံးတွင် ပြည်ထောင်စု၏အုတ် မြစ်ပင်လုံစာချုပ်တွင် ရှမ်းပြည်လူထုကိုယ်စားလှယ်အဖြစ် ဦး တင်ဧသည် လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် ဦးတင်ဧသည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့သည်။ ထိုနှစ် အောက်တိုဘာလတွင် ရှမ်းပြည်တိုင်းထောက်ပံ့ရေး အရာရှိ (လစာ ၁၀၀၀ ကျပ်)ပေးအပ်ရာတွင် ငြင်းပယ်ခဲ့သည်။

ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ကိုမူ ဆက်လက်တာဝန်ယူခဲ့သည်။ ဦးဗဆွေ၏တာဝန်ပေးချက်အရ ဗီယက်နမ်လွတ် မြောက်ရေးတိုက်ပွဲကို အကူအညီပေးရန်ကိစ္စများကို စီစဉ်ပေးခဲ့သည်။

၁၉၄၈ မေလတွင် နိုင်ငံရေးကိုစွန့်၍ ရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနမှူး ဦးဝန် (မင်းသုဝဏ်) ၏လက် အောက်၌ လက်ထောက်စာတည်းရာထူးကို ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ မှ ၁၉၅၁ ထိ လက်ထောာက်စာတည်း၊ ၁၉၅၀ မှ ၁၉၅၁ အထိ သြစတြေးလျနိုင်ငံ ပညာရေးလေ့လာသူ၊ ၁၉၅၁ မှ ၁၉၆၈ တွင် စာတည်း၊ ၁၉၅၇ မှ ၁၉၅၈ တွင် အင်္ဂလန်ပြန်အဘိဓါန်လေ့လောရေး ပညာတော်သင်။ ၁၉၆၈ မှ ၁၉၇၆ အထိ စာတည်းမှူး၊ ၁၉၇၄ မှ ၁၉၇၅ ထိ ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခအဖြစ် ဆောင် ရွက်ခဲ့သည်။

၁၉၇၆ မှ ၁၉၇၇ ထိ မြန်မာစာအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်သည်။ ထို့နောက် ၁၉၇၇ တွင် မြန်မာစာအဖွဲ့ညွှန်ချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီးနောက် ၁၉၇၇ မှ ၁၉၇၈ ထိ မြန်မာ စာအဖွဲ့အကြံပေး ဆက်လက်ဆောင်ရွက်ခဲ့သည်။

၁၉၇၈ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးကောက်ပွဲတွင်း ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။

ယင်းနောက် ၁၉၇၈ တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၈၁ နိုဝင်ဘာလ ၉ ရက်တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။

ဝန်ထမ်းအဖြစ်ထန်းရွက်နေစဉ် တက္ကသိုလ်များ စာအုပ်ပြုစုထုတ်ဝေရေးကော်မတီ အတွင်းရေးမှူး၊ သင်ရိုး၊ မာတိကာနှင့် ကျောင်းသုံးစာ အုပ်ကော်မတီဝင်၊ တက္ကသိုလ်များတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌ၊ မြန်မာစာအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုစီစစ်ရွေးချယ်ရေးကော်မတီဝင်၊ မြန်မာနိုင်ငံသုတေသနအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးတင်ဧသည် မြန်မာနိုင်ငံသုတေသနအသင်းအတွက် ရှင်ဥက္ကံသမာလာ၏ “ဝဏ္ဏဗောဓနသတ်အင်း” ကို တည်းဖြတ်၍ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင် သုတေသနဆောင်းပါးများ ရေးသားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲနှင့် စာပေဗိမာန်စာတမ်း ဖတ်ပွဲများနှင့် စာတမ်းများ ရေးသားဖတ်ကြားခဲ့သည်။

ထို့နောက် ဦးတင်ဧသည် ၁၉၉၅ အောက်တိုဘာလ ၁၆ ရက်တွင် တောင်ကြီးမြို့ စဝ်စံထွန်းရပ်၊ မင်းလမ်းအမှတ် စ/၃ နေအိမ်၌ ကွယ်လွန် သွားခဲ့လေသည်။ ကြွင်းကျန်သောရုပ်ကလာပ်ကို တောင်ကြီးမြို့ မြို့မသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်အေးတင်၊ သမီး တောင်ကြီးတက္ကသိုလ် သချင်္ာပါမောက္ခ ဒေါ်ခင်နေဝင်းတို့ ကျန်ရစ်ခဲ့သည်။

ဦးတင်ဧ (ရှမ်းပြည်) သည် နိုင်ငံတော်၏ကြီးလေးသောတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်မှချီးမြှင့်သော မော်ကွန်းဝင် (တတိယဆင့်) နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့(ပထမဆင့်) တို့ကို ရရှိခဲ့သည်။


ငဝ်ႈတိုၼ်း[မူၼ်ႉမႄး | မႄးထတ်းငဝ်ႈငႃႇ]

ၼႃႈလိၵ်ႈဝႅပ်ႉသၢႆႉ