ၼုမ်ႇ၊ ၸဝ်ႈ

လုၵ်ႉတီႈ ဝီႇၶီႇၽီးတီးယႃး ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၼၼ်ႉမႃး

သရေစည်သူစဝ်နွံသည် လဲချား စော်ဘွားကြီး ဖြစ်ပြီး သမိုင်းဝင် ပင်လုံစာချုပ် ရေးထိုးသူ တစ်ဦးလည်းဖြစ်သည်။

နိုင်ငံ့ဂုဏ်ရည် ပထမဆင့်ရ စဝ်နွံကို လဲချားမြို့ လဲချားဟော်၌ ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ ( ၁၅ ) ရက်နေ့တွင် လဲချားစော်ဘွားကြီး စဝ်ခွန်လိုင်းနှင့် အမိ စဝ်နန်းဆိုင် မွန်းတို့က မွေးဖွားသည်။ ကိုးနှစ်သား အရွယ်မှ၍ လဲချားမြို့ မြန်မာစာသင်ကျောင်းတွင် ပညာသင်သည်။ ထို့နောက် တောင်ကြီးမြို့ ရှမ်းစော်ဘွားသားမြေးများ ကျောင်းတွင် ( ၁၀ ) တန်း အောင်သည် အထိ ပညာသင်ကြားခဲ့သည်။

၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့ ရဲအရာရှိသင်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် မိတ္ထီလာမြို့ ပရိုစဲလ်ထရီမ်နင်ကောလိပ်ကျောင်း တွင် ဥပဒေပညာရပ်များကို ဆည်းပူးခဲ့သည်။ ထို့နောက် မိတ္ထီလာမြို့၌ နယ်ပိုင်ဝန်ထောက်အဖြစ် အမှူထမ်းသည်။ ၁၉၃၁ ခုနှစ်တွင် ဖခင် အရိုက်အရာ လဲချားစော်ဘွားကြီး အဖြစ် ခံယူခဲ့သည်။

မိုင်းကိုင် စော်ဘွားကြီး စဝ်ခွန်မုံနှင့် မဟာဒေဝီ မြေပိုင်တို့၏ သမီးစဝ်ရွှေအိမ်သည် လဲချားစော်ဘွားကြီး စဝ်နွံ၏ မဟာဒေဝီ ဖြစ်သည်။ မဟာဒေဝီ စဝ်ရွှေအိမ်သည် ၁၉၅၉ ခုနှစ်ကပင် ကွယ်လွန်ခဲ့သည်။

၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ်အတွင်း ရှမ်းအပျော်တမ်း တပ်အမှတ် ( ၁၃ ) တွင် ဒုတိယဗိုလ်အဖြစ် မေမြို့ ( ယခု ပြင်ဦးလွင် )၌ ရုံးစိုက်အမှူထမ်းခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျပန်ခေတ်တွင် လဲချားမြို့သို့ ပြန်ခဲ့သည်။ ထို့နောက် ဖက်ဆစ်ဂျပန်တို့၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသည်။ ၁၉၄၅ ခုနှစ်တွင် မဟာမိတ်တပ်များ ပြန်လည်ဝင်ရောက်လာသောအခါ ဂျပန်၏ ချုပ်နှောင်မှုမှ ထွက်ပြေးလွတ်မြောက်၍ မဟာမိတ် တပ်မဟာ ( ၁၀၁ ) နှင့် ပူးပေါင်းကာ ဂျပန်ကို တော်လှန်ခဲ့သည်။

၁၉၄၆ - ၄၇ ခုနှစ်များ၌ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော မြန်မာနိုင်ငံ ပေါ်ပေါက်လာရေးအတွက် ပင်လုံစာချုပ်ကြီး ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍ ကိုယ်စားလှယ်ပေါင်း ( ၂၃ ) ဦး စုစည်းရာတွင် စဝ်နွံသည် ရှမ်းကော်မတီ၏ အဖွဲ့ဝင် ( ၁၄ ) ဦး တွင် ပါဝင်ခဲ့သည်။ ထို့နောက် ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၂ ) ရက်နေ့၊ နံနက် ၁၀ နာရီတွင် ချုပ်ဆိုသော အခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ စဝ်နွံသည် အမှတ်စဉ် ( ၅ )၌ လက်မှတ်ရေးထိုးခဲ့သည်။

၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ သောင်းကျန်းသူများ အင်အားကြီးမားခဲ့ရာ ရှမ်းပြည်နယ် ကေ၊ အင်၊ ဒီ၊ အို များက ဦးစီးခေါင်းဆောင်လျက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းရှိ မြို့အသီးသီးကို သိမ်းပိုက်ထားကြသည်။ ထိုအခြေအနေတွင် လဲချား စော်ဘွားကြီး စဝ်နွံသည် လဲချားနှင့် မိုးနဲ နယ်သူနယ်သား လူထုအများကို လှုံ့ဆော်စည်းရုံးပြီး လွယ်လင်မြို့ကို သောင်းကျန်းသူများလက်မှ ပြန်လည် သိမ်းယူရာတွင် ခေါင်းဆောင်ပါဝင်ခဲ့သည်။

ထို့အပြင် သောင်းကျန်းသူများလက်တွင်းကျရောက်လျက်ရှိသော ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ကို တပ်မတော်နှင့် ပူးပေါင်း၍ လေးလကြာပြန်လည် တိုက်ခိုက်သိမ်းယူရာတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် စဝ်နွံကို ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရက သရေစည်သူဘွဲ့ ရွှေတံဆိပ်ကို ချီးမြှင့်သည်။ ၁၉၈၀ ပြည့်နှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည် ( ပထမဆင့် ) ကို ချီးမြှင့်ခဲ့သည်။ စဝ်နွံသည် ချစ်ကြည်ရေးအဖွဲ့ဝင်အဖြစ် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်ခဲ့သည်။

လဲချားစော်ဘွားကြီးဟောင်း စဝ်နွံသည် ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ ( ၈ ) ရက်နေ့တွင် လဲချားမြို့ လဲချားဟော်တွင် ကွယ်လွန်ခဲ့လေသည်။